လူမဲ့စစ်လေယာဉ်များနှင့် စစ်ဘက်သုံးစက်ရုပ်ငယ်များ သုံးစွဲမှုအကျိုးရှိလာသည်နှင့်အမျှ အမေရိကန်စစ် ဘက်သည် စက်ရုပ်တပ်ဖွဲ့များဖြင့် တိုက်ပွဲများကို ပုံဖော်ရန်ကြိုးပမ်းနေကြောင်း သိရသည်။ အမေရိကန်နိုင်ငံ မေရီလင်းပြည်နယ်ရှိ ရေတပ်သုံးလေယာဉ်ကွင်းတစ်ခုတွင် ပြုလုပ်ခဲ့သော စစ်ဘက်သုံး စက်ရုပ်ပြပွဲ၌ မောင်းသူမဲ့ရဟတ်ယာဉ်၊ ထောက်လှမ်းရေးစက်ရုပ်ငယ်စသည့် နောက်ဆုံးပေါ်စစ်ဘက်သုံး စက်ရုပ်များကို ပြသခဲ့သည်။ MQ-8B ထောက်လှမ်းရေးရဟတ်ယာဉ်ကို ယခုနှစ်နှောင်းပိုင်းတွင် ရေတပ်၌ စတင်သုံးစွဲမည် ဖြစ်သည်။ အမေရိကန်စစ်သင်္ဘော USS McI-nerney သည် အရှေ့ပစိဖိတ် သမုဒ္ဒရာ အတွင်း မူးယစ်မှောင်ခိုသမားများကို ရှာဖွေရာ၌ MQ-8B လူမဲ့ရဟတ်ယာဉ်ကို သုံးစွဲမည်ဖြစ်သည်။ Pakbot ဟု အမည်ပေးထားသော တင့်ကားဘီးတပ်ဆင်ထားသည့် စက်ရုပ်ငယ်သည် ရန်သူအဆောက် အအုံများကို ရှာဖွေရာ၌ အသုံးဝင်မည်ဖြစ်ပြီး ကျောက်ဆောင်များပေါ်တွင် သွားလာနိုင်သည်။ ဖောက်ခွဲရေး ပစ္စည်းများရှာဖွေရာတွင်လည်း အသုံးဝင်မည်ဖြစ်ပြီး တွေ့ရှိပါက မပေါက်ကွဲစေရန် ပြုပြင်ပစ်နိုင်စွမ်းရှိ ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အီရတ်နှင့် အာဖဂန်၌ Pakbot စက်ရုပ်ငယ် ၂၅၀၀ မျှ သုံးစွဲလျက်ရှိသည်။ သြဂုတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သောပြပွဲတွင် ကာကွယ်ရေးဆိုင်ရာစစ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများ နှင့် အမေရိကန်စစ်ဘက် တာဝန်ရှိသူများက အသက်အန္တရာယ်ကြီးသော စစ်ဘက်တာဝန်များကို လူသား စစ်သည်များအစား စက်ရုပ်များပြောင်းလဲသုံးစွဲသည့် အမေရိကန်စစ်ရေးခေတ်သစ်ကို ရောက်ရှိလာပြီဖြစ် ကြောင်း သုံးသပ်ခဲ့ကြသည်။ အမေရိကန်ရေတပ်နှင့် မရိန်းတပ်များဆိုင်ရာ လူမဲ့လေကြောင်းစီမံကိန်းများကို ဦးဆောင်ခဲ့သည့် ဂယ်ရီကက် စလာက ''လူမဲ့စစ်ရေးပြောင်းလဲမှုကာလရဲ့ အစကို ရောက်ရှိနေပြီလို့ ထင်မြင်မိပါတယ်။ လူမဲ့စနစ်တွေမှာ ငွေကြေးဘီလျံနဲ့ချီပြီး သုံးစွဲနေပါတယ်''ဟု ပြောကြားခဲ့သည်။ မောင်းသူမဲ့လေယာဉ်များနှင့် မြေပြင်သုံးယာဉ်များမှာ အဝေးထိန်းစက်ခလုတ်များဖြင့် ထိန်းချုပ်ရသော ကြောင့် ဗီဒီယိုဂိမ်းများဖြင့် ကြီးပြင်းလာသော မျိုးဆက်သစ်များနှင့် သင့်တော်သည်ဟု လေ့လာသူတို့က သုံးသပ်ကြသည်။ သည်းခံစောင့်ဆိုင်းပြီး ထောက်လှမ်းတိုက်ခိုက်ရမည့် ရန်သူသစ်များနှင့် ရင်ဆိုင်လာရချိန်၌ ပင်တဂွန်သည် စက်ရုပ်များကို စစ်ဘက်တွင် သုံးစွဲမှုတိုးမြှင့်လာခဲ့သည်။ ၂၀၀၃ ခုနှစ်က အမေရိကန်စစ်ဘက်တွင် စက်ရုပ်သုံးစွဲမှုမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် လူမဲ့တိုက် လေယာဉ် ၇၀၀၀ နှင့် မြေပြင်သုံးယာဉ် အနည်းဆုံး ၁၀၀၀၀ ခန့် ရှိလာပြီဖြစ်သည်။ အမေရိကန် လေတပ် သည် တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များအတွက် လေယာဉ်မှူးများ လေ့ကျင့်ပေးသည့် အရေအတွက်ထက် လူမဲ့လေယာဉ်ထိန်းချုပ်သူများကို လေ့ကျင့်ပေးမှု တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ပြပွဲတွင် အမေရိကန်သာမက ချီလီ၊ သြစတြေးလျ၊ ဆော်ဒီအာရေဗျနှင့် အိန္ဒိယမှ စစ်ဘက်အရာရှိများပါ တက်ရောက်လေ့လာခဲ့ကြသည်။ စစ်အေးခေတ်ကာလကုန်ကျစရိတ်များသော လက်နက်ဆန်းများ နှင့်စာလျင် လူမဲ့စစ်ဘက်သုံးယာဉ်များမှာ ကုန်ကျစရိတ်သက်သာသောကြောင့် နိုင်ငံအများအပြားက စိတ်ဝင်စား လျက်ရှိပြီး ယင်းနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည်။ |